ချင်းအမျိုးသားတပ်ဦး၊ သမိုင်းဝင်အဖြစ်အပျက်များနှင့် ချင်းအမျိုးသားတော်လှန်ရေးလှုပ်ရှားမှု သမိုင်းများ

ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ ခု မတ်လ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန် ထွန်းကားရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည့် တော်လှန်ရေးတပ်ဦးဖြစ်ပါသည်။ ချင်းအမျိုးသားတပ်ဦးသည် လူတစု တဖွဲ့၏ နိုင်ငံရေး ခံယူချက် (သို့) ဘာသာရေး အယူဝါဒစသည်တို့ကို အခြေခံကာ ဖွဲ့စည်းသည့်အဖွဲ့အစည်း မဟုတ်ပါ။ ချင်းအမျိုးသားတရပ်လုံး လိုလားတောင့်တ သည့် နိုင်ငံရေးခံယူချက်များကို အခြေခံကာ ဖွဲ့စည်းထားသည့် တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချင်းအမျိုးသားများ၏ နိုင်ငံရေးလိုအင်ဆန္ဒ များကို အကောင်အထည်ဖေါ်ဆောင်လိုသော ချင်းအမျိုးသားအားလုံးကို ချင်းအမျိုးသား တပ်ဦးနှင့်လက်တွဲလျှက် အမျိုးသားတော်လှန်ရေးကို အတူတကွ ဆင်နွဲရန်ဖိတ်ခေါ် ကြိုဆိုအပ်ပါသည်။

ချင်အမျိုးသားတပ်ဦးသည် ၁၉၇၆ ခုနှစ်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့် အမျိုးသားတန်းတူရေး ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသား များက ဖွဲ့စည်းထား သည့် National Democratic Front (NDF) နှင့် ၁၉၈၈ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင်ဖွဲ့စည်းထားသည့် Democratic Alliance of Burma (DAB) အဖွဲ့တို့၏ အဖွဲ့ဝင် ဖြစ်ပါသည်။

ချင်းအမျိုးသားတပ်ဦးသည် NDF, DAB, National Coalition Government of the Union of Burma (NCGUB) နှင့် National League for Democracy (Liberated Area) တို့ဖြင့်ဖွဲ့စည်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ National Council of the Union of Burma (NCUB) ၏အဖွဲ့ဝင်ဖြစ်သည်။ NCUB သည် Council of Asian Liberal and Democrat အဖွဲ့ဝင်ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် Un-represented Nations and Peoples Organization (UNPO) ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ UNPO သည် ဋ္ဌာနေတိုင်းရင်းသားများ၊ အုပ်ချုပ်ခံတိုင်းပြည်များ၊ လူနဲစုများနှင့် လွပ်လပ်သည့် တိုင်းပြည်တချို့က ၄င်းတို့၏ လူ့အခွင့်အရေး၊ ယျဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဖွဲ့စည်းထား သည့်နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ချင်းအမျီုးသားတပ်ဦးသည် လည်း Geneva Call ၏ မြေမြုတ်မိုင်း ပပြောက်ရေးစာချုပ်ကို ချုပ်ဆိုသည့် အဖွဲ့လည်းဖြစ်ပါသည်။

သမိုင်းဝင် အဖြစ်အပျက်များ

၁၈၉၅ ခုတွင် အင်္ဂလိပ်တို့၏ ၃ ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံရပြီးနောက် ချင်းလဲန်းဒေသအများစုသည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ သည်။ ချင်းလဲန်း တခုလုံးမှာမူ ၂၀ ရာစု အစောပိုင်းတွင် အင်္ဂလိပ်တို့၏ သိမ်းပိုက်ခြင်းကို ခံရသည်။

၁၈၉၆ ခုတွင် အင်္ဂလိပ်တို့က ချင်းတောင်တန်းဆိုင်ရာ အက်ဥပဒေ Chin Hills Regulation Acts ကို ပြဌာန်းကာ သိမ်းပိုက်ထားသည့် ချင်းလဲန်းတွင် ပူးတွဲ အုပ်ချုပ်ရေး စနစ်ကို စတင်ကျင့်သုံး အကောင်အထည် ဖေါ်ခဲ့သည်။

၁၉၃၃ ခုတွင် ချင်းအမျိုးသားသမဂ္ဂ Chin National Union ကို ချင်းအမျိုးသား မျိုးချစ်ခေါင်းဆောင်များက ဖွဲ့စည်းကာ အင်္ဂလိပ်ထံမှ ချင်းလဲန်း လွပ်လပ်ရေး အတွက် စတင်တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်။

၁၉၄၇ ခုတွင် ချင်းအမျိုးသားခေါင်းဆောင်များသည် ပင်လုံညီလာခံသို့ တက်ရောက်ကာ ကချင်၊ ရှမ်း၊ ဗမာ ခေါင်းဆောင်များနှင့်အတူ အင်္ဂလိပ်ထံမှ လွပ်လပ်ရေးကိုအတူတကွ ရယူကာ တန်းတူအခွင့်အရေးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

၁၉၄၈ ခုတွင် ပင်လုံစာချုပ်အရ အင်္ဂလိပ်ထံမှ လွပ်လပ်ရေးကို ကချင်၊ ရှမ်း၊ ဗမာ နှင့် တခြားတိုင်းရင်းသားများ အပါအဝင် ရယူခဲ့ကြသော်လည်း လူမျိုးကြီးဝါဒီ လူနဲစုတစုက ပင်လုံစာချုပ်၏ အနှစ်သာရများကို လေးစားလိုက်နာခြင်း မရှိသဖြင့် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။

၁၉၄၈ ခု ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသား ၅၀၀၀ ကျော်သည် ဖလမ်းမြို့တွင် စုရုံးကာ တိုက်သူကြီးများ အုပ်ချုပ်သည့် အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီစနစ်ဖြင့် အစားထိုးရန် တခဲနက်သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ နောင်တွင် ဖေဖေါ်ဝါရီ ၂၀ ရက်သည် ချင်းအမျိုးသားနေ့ ဖြစ်လာသည်။

၁၉၆၁ ခုတွင်ပြည်ထောင်စုအခြေခံဥပဒေကို ဖက်ဒရယ်စနစ်အား အခြေခံသည့် ဥပဒေအသွင်သို့ ပြင်ဆင်ရန် တောင်ကြီးညီလာခံ ဆွေးနွေးပွဲသို့ ချင်းအမျိုးသား ခေါင်းဆောင်များ တက်ရောက်ကာ ဖက်ဒရယ်မူကို ထောက်ခံ သဘောတူခဲ့ကြသည်။

၁၉၆၂ ခုတွင် ဗိုလ်ချုပ်ကြီးနေဝင်း နှင့် အပေါင်းပါများ ဦးဆောင်သည့်စစ်တပ်က ပြည်ထောင်စုအခြေခံဥပဒေ ပြင်ဆင်ရန်ကြိုးပန်းမှုများကို တားဆီးဟန့်တားရန် အာဏာသိမ်းကာ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။

၁၉၆၄ ခုတွင် ချင်းအမျိုးသားအဖွဲ့ Chin National Organization (CNO) သည် စစ်အာဏာရှင်စနစ်ကို တော်လှန်ကာ ဒီမိုကရေစီအစိုးရ ပြန်လည် တည်ဆောက်နိုင်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေးကို စတင်ဆင်နွဲခဲ့သည်။

၁၉၇၁ ခုတွင် ချင်းဒီမိုကရေစီပါတီ Chin Democracy Party (CDP) ကိုထူထောင်ကာ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲခဲ့သည်။

၁၉၇၂ ခုတွင် ချင်းအမျိုးသား နိုင်ငံရေးသမားများနှင့် ချင်းအမျိုးသား တတ်သိပညာရှင် ၇၀ ကျော်ကိုတော်လှန်ရေးကောင်စီအား အခြေခံဥပဒေအပေါ် အကြံပေးမှုကြောင့် မတရား ဖမ်းဆီးကာ အကျဉ်းချညှင်းပန်းနှိပ်စက်ခဲ့သည်။

၁၉၇၄ ခုတွင် တပါတီအာဏာရှင်စနစ်ကို အကောင်အထည်ဖေါ်မည့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေကို ပြည်သူများ ကန့်ကွတ်နေသည့် ကြားမှ တော်လှန်ရေးကောင်စီက အတည်ပြုပြဌာန်းခဲ့သည်။

  ၁၉၈၈ ခုတွင်ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဒီမိုကရေစီစနစ်ပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ချင်းအမျိုးသား တပ်ဦးကို ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေးကို ယနေ့အထိ ဆင်နွဲလာခဲ့သည်။

  ၁၉၈၈ ခု နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး သည် Democratic Alliance of Burma (DAB) ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

  ၁၉၈၉ ခု ဖေဖေါ်ဝါရီလ တွင် ချင်းအမျိုးသားတပ်ဦးသည် National Democratic Front (DAB) ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

  ၁၉၉၂ ခုတွင် ချင်းအမျိုးသားတပ်ဦးသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ကာ ပြည်ထောင်စုတိုင်းရင်းသားပြသနာနှင့် နိုင်ငံရေးပြသနာ ကိုဖြေရှင်းနိုင်ရေး သမိုင်းဝင် မာနယ်ပလော စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

  ၁၉၉၃ ခုတွင် ပထမဆုံးအကြိမ် ချင်းအမျိုးသားတပ်ဦး၏ ပါတီညီလာခံကို ချင်းအမျိုးသားတပ်ဦး ဌာနချုပ်တွင် ဇွန်လ ၉ ရက်မှ ၁၆ ရက်အထိကျင်းပကာ ချင်းအမျိုးသား အစိုးရကို ဖွဲ့စည်းခဲ့သည်။

၁၉၉၇ ခုတွင် KNPP, PPLO, WNO, UWSP, PSLF, KIO, AASYC, LDF, NMSP, ALP, KNLP, SURA, SDC, KNU တို့အပါအဝင် ချင်းအမျိုးသားတပ်ဦးသည့် သမိုင်းဝင် မဲသရောထာ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

  ၁၉၉၇ ခုတွင်ဒုတိယအကြိမ် ချင်းအမျိုးသားတပ်ဦး၏ ပါတီညီလာခံကို ချင်းအမျိုးသားတပ်ဦပါတီ ဌာနချုပ်ဖြစ်သည့် ဝိတိုရိယစခန်းတွင် ဇွန်လ ၂၀ မှ ဇူလိုင်လ ၈ ရက်နေ့အထိ ကျင်းပကာ ချင်းအမျိုးသားတော်လှန်ရေးကို ပြန်လည်စီစစ်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။

၁၉၉၈ ခုတွင် ချင်းအမျိုးသားတပ်ဦးသည် ပထမဦးဆုံးသော Chin Seminar ကို ကနေဒါနိုင်ငံမြို့တော် အိုတာဝါမြို့ တွင်ခေါ်ယူကျင်းပခဲ့သည်။ အဆိုပါ ဆီမီင်္နာသို့ ချင်းအမျိုးသား ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ နိုင်ငံရေးသမားများ စုစုပေါင်း ၁၇ ဦးတက်ရောက်ခဲ့ကြသည်။ ထိုဆီမီနာက ချင်းအမျိုးသားစုရပ် The Chin Forum ကိုဖွဲ့စည်းကာ ချင်းအမျိုးသားများအားလုံး တသီးပုဂ္ဂလအနေဖြင့် ချင်းအမျိုးသားအရေးတို့တွင် အတူတကွ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နိုင်ကြရေး လမ်းခင်းပေးခဲ့သည်။

၂၀၀၁ ခုတွင် ချင်းအမျိုးသားတပ်ဦးသည် Un-represented Nations and Peoples Organization (UNPO) ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

၂၀၀၄ ခု April 7-10 ရက်နေ့တွင် Chin Consensus Building Seminar ကို ချင်းအမျိုးသားတပ်ဦး၏ ဌာနချုပ် ဝိတိုရိယစခန်းတွင် ကျင်းပခဲ့ရာ Chin National League for Democracy, Zomi National Congress, Mara Peoples Party, Chin National Front နှင့် Chin Civic and Social Organizations များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ ထို Seminar တက်ရောက်သူ အများစု ဆန္ဒအရ ချင်းအမျိုးသားနိုင်ငံရေးရာ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းမည့်  Political Affairs Committee of Chinland (PACC) ကိုဖွဲ့စည်းခဲ့ကြသည်။

၂၀၀၆ ခု မေလ ၈-၁၀ ရက်တွင် Political Affairs Committee of Chinland (PACC) က ပထမဦးဆုံးသော ချင်းအမျိုးသား ညီလာခံကို Mt. Sainai တွင် ခေါ်ယူကျင်းပခဲ့သည်။ အဆိုပါ Chin National Assembly က Chin National Council ကိုဖွဲ့စည်းကာ ချင်းအမျိုးသားတရပ်လုံး၏ အမျိုးသား အကျိုးစီးပွား တို့တွင် အတူတကွ ပူးပေါင်လုပ်ဆောင်ကြရန် သဘောတူခဲ့ကြသည်။

ချင်းအမျိုးသား တော်လှန်ရေး လှုပ်ရှားမှုသမိုင်း


၁၉၃၃ ခုတွင် ချင်းအမျိုးသားသမဂ္ဂ Chin National  Union ကို ဦးဝမ်းသူမောင် ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ထောင်ကာ ချင်းအမျိုးသားများ လွပ်လပ်ရေးကို အင်္ဂလိပ်ထံမှ တောင်းဆိုခဲ့ကြသည်။

၁၉၄၈ ခုတွင် ဗိုလ်ကြီး မန်းတုန်းနုံး ဦးဆောင်ကာ ချင်းအမျီုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် Chin National Freedom League ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုမှ တဆင့် ချင်းအမျိုးသားနေ့ ပေါ်ပေါက်သည့်အထိ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများစွာကို လုပ်ဆောင်ခဲ့ကြသည်။

၁၉၅၇ ခုတွင် ချင်းအမျိုးသားသမဂ္ဂ နှင့် ချင်းအမျီုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ချင်းအမျိုးသား၏ အခွင့်အရေးများကို အခြေခံဥပဒေ ဘောင် အတွင်းမှ တောင်းဆို လှုပ်ရှားခဲ့ကြသည်။

၁၉၆၁ ခုတွင် Pu Laldenga ဦးဆောင်ကာ Mizo National Front ကိုဖွဲ့စည်းပြီး ၁၉၈၆ ခု အထိ အိန္ဒယနိုင်ငံရှိ ချင်းအမျိုးသားများ လွတ်မြောက်ရေး အမျိုးသား တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်။

၁၉၆၄ ခု တွင် Col. Suan Khaw Pau, Pu Dam Khaw Hau, Pu Mang Kham Pau, Pu Hrang Nawl, Pu Son Cin Lian, and Pu Thual Zen တို့သည် Anti-Communist Freedom Organization ကိုဖွဲ့စည်းကာ ချင်းအမျိုးသားများလွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်။

၁၉၆၉ ခု ဒီဇင်ဘာလ ၃၀ ရက်တွင် Pu Mangtling Cinzah, Pu Sa Lian Zam နှင့် ရဲဘော်ရဲဖက်များသည် Chin Democracy Party ကိုဖွဲ့စည်းကာ ချင်းအမျိုး သားများလွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်။

၁၉၇၀ ခု ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် Zomi Democracy Party ကို Pu Jimmy နှင့် ရဲဘော်ရဲဖက်များက ဖွဲ့စည်းကာ ချင်းအမျိုးသား များလွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်။

၁၉၇၆ ခုတွင် Major Sa Lian Zam နှင့် ရဲဘော်များ က Chin Liberation Army ကို ဖွဲ့စည်းကာ ချင်းအမျိုးသားများလွတ်မြောက်ရေးအတွက် အမျိုးသား တော်လှန်ရေးကိုဆင်နွဲ ခဲ့ကြသည်။

၁၉၆၉ ခုတွင် Pu Tial Khal, Pu Thawm Luai, နှင့် Pu ThawngှSai တို့က Chin Liberation Front ကို ဖွဲ့စည်းကာ ချင်းအမျိုးသားများ လွတ်မြောက်ရေးအတွက် အမျိုးသား တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်။

၁၉၈၈ ခု မတ်လ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦးကို Pu Tial Khar နှင့် ရဲဘော်ရဲဖက်များက ဖွဲ့စည်းကာ ယနေ့အထိ ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး တို့အတွက် အမျိုးသားတော်လှန်ရေးကို ဆင်နွဲလျှက်ရှိပါသည်။
 

မူပိုင် © ၁၉၈၈ - ၂၀၀၈ ချင်းအမျိုးသားတပ်ဦး။